သို့ ကျွန်မ ဘာမှ မအောင်မြင်ခဲ့ဘူး ။ ထွက်သွားရမယ်ဆိုရင် တောင်ပေါ်မြို့လေးတစ်မြို့ကို ရွေးချယ်ဖြစ်မယ်ထင်တယ် ။ သင့်တင့်တဲ့ ခြံဝင်းလေးမှာ သစ်သားအိမ်လေးတစ်လုံးဆောက်မယ် ။ ခြံပတ်ပတ်လည်မှာ စက္ကူပန်းတွေစိုက်မယ် ။ အနီရောင်တစ်မျိုးပဲ စိုက်မယ် ။ ဘဝကို အရှူံးများများနဲ့ ငြီးငွေ့စိတ်ကုန်ခဲ့တဲ့ မိန်းမမို့ ရနံ့သင်းပန်းလှလှတွေ မလိုလောက်တော့ဘူး ထင်တာပဲ ။ အိမ်ကို မိုးပြာရောင်သုတ်မယ် ။ အိမ်ရှေ့မှာ စာတိုက်ပုံးလေးတစ်ပုံး ထားမယ် ။ ဗိုက်ဆာမှ အိမ်ကိုပြန်လာတတ်တဲ့ ကြောင်တစ်ကောင် မွေးမယ် ။ ဆံပင်ရှည် ဆက်ထားမယ် ။ စိတ်ကိုလည်း ရှည်ရှည် ထားမယ် ။ အချိန်တွေ ကုန်ပါစေ ဒီအတိုင်း လွှတ်ထားလိုက်မယ် ။ အသက်ကို အလဟသ ကြီးပစ်မယ် ။ နေလို့သိပ်ပျင်းလာရင်အဝေးကြီးကို ငေးမယ် ။သေခြင်း ၊ရှင်ခြင်းတွေကိုလည်း မတွေးတော့ဘူး ။ ယုံကြည်ရာတွေကိုလည်း ဇကာတိုက်ပြီး မစစ်တော့ဘူး ။ ကြည်အေးဝတ္ထုတွေထဲ ဝင်လိုက်ထွက်လိုက်တွေ မလုပ်တော့ဘူး ။ ဇော်ဇော်အောင် ဖတ်မယ် ။ သံပုရာရည် သောက်မယ် ။ စံပယ်ပန်း ပန်မယ် ။ သိပ်ကြိုးစားနေတဲ့ လူတွေတွေ့ရင် နားမလည်ဘူးလို့ပြောပစ်မယ် ။ ဘူကောစကီးဟာ သူ့အုတ်ဂူမှာ မကြိုးစားနဲ့ လို့ ရေးထားတယ် ။ ကျွန်မ သေသွားရင်တော့ အုတ်ဂူမှာ ကြိုးစားလည်းအလကားပဲ လို့ ရေးခိုင်းမယ် ။ ကျွန်မက မအောင်မြင်သူပဲ ။ အဲ့ဒီဘက်မှာ ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ စိတ်မပူပါနဲ့ ။ အမြဲအေးတဲ့တောင်ပေါ်မြို့လေးမှာ ကျွန်မ နေသားတကျဖြစ်မှာပါ ။ ဒေသထွက်ပန်းလေးတွေကို အခြောက်ခံပြီး စာတိုက်ကနေ ပို့ပေးလိုက်မယ် ။ တစ်ခါတလေ တိမ်မျှင်တစ်စနှစ်စ ပါမယ် ။ တစ်ခါတလေ ဖုန်မှုန့်နည်းနည်းပါမယ် ။ နေကြာတွေပွင့်ရင်တော့ သေသေချာချာ ပါဆယ်ထုတ်ပြီး ပို့လိုက်ပါ့မယ် ။ ဘာရယ်မဟုတ်ပါဘူး ။ စက္ကူပန်းအနီရောင်တွေ စိုက်တယ်ဆိုတာ မုန်းတယ်လို့ လာပြောမယ့်သူ အလွယ်တကူရှာနိုင်အောင်ပါ ။ #မြကျေး